ပရီးမီးယားလိဂ် မုန်တိုင်းကြားမှာ မွေးဖွားလာတဲ့ နတ်ဘုရားတစ်ပါး (ဆောင်းပါး)

ဘရူနို ရဲ့ 19-20 ခြေစွမ်း ကအံအားသင့်စရာကောင်းတယ်ဆိုရင်တောင် ဒါဟာ စပို့တင်းနဲ့ ရာသီဝက် ပြီးတော့ လိဂ်အသစ်မှာ ကစားသမားအသစ်ရဲ့စန်းထမှု့ တို့ ရှိနေလို့ မသိသာတဲ့ အခြေအနေတစ်ရပ်အဖြစ် ချောင်ထိုး ခဲ့တဲ့ အခြေအနေကို မမြင်ချင်ယောင် ဆောင်ခဲ့ကြရပါတယ်။ ၂၀၂၀-၂၀၂၁ ရာသီမှာတော့ ဘရူနိုအပေါ် မျက်လုံးအစုံ ဟာ ဒေါက်ထောက် ကြည့်နေခဲ့ပြီး သူ့ရဲ့ ပယ်နယ်တီ တစ်ကြိမ်လွဲတာ ဒါမှမဟုတ် ပေးပို့မှု့တစ်ခါလွဲတာကအစ ဝေဖန်ပြစ်တင်လိုတဲ့ မုန်းတီးသူတွေ ကြား တိမ် မြုပ်သွားမလားစိုးရိမ်ခဲ့ရတဲ့ ဘရူနို ဟာ သေစေချင်သူတွေကြား ရှင်သန်နေရတဲ့ မြန်မာပြည်သူတွေလိုပဲ အဆုံးစွန်သော ဖိနှိပ်မှု့တွေကြား မပြိုလဲသွားတဲ့ စိတ်ဓာတ်နဲ့ ကြံကြံခံရင်း မန်ယူနိုက်တဒ် ရဲ့ စင်စစ် စစ်သူရဲ ဖြစ်လာခဲ့ပါတယ်။ ဘရူနိုက ၂၀၂၀-၂၀၂၁ ရာသီမှာ ယူနိုက်တဒ် အတွက် (၆၅) ပွဲကစားခဲ့ပြီး (၄၆) ဂိုး ပါဝင်ပက်သက်ခဲ့ကာ သွင်းဂိုး (၂၈) ဂိုးနဲ့အတူလမ်းပတ် ရဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်းတလျှောက် ဂိုးသွင်းအများဆုံးကွင်းလယ်လူ (၂၇)ဂိုး ဆိုတဲ့ စံချိန်ကိုကျော်ဖြတ်ပြခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ကို ပထမဆုံး ရာသီပြည့်ကစားခွင့်ရတဲ့ ရာသီမှာပဲ ဘရူနို လုပ်ပြခဲ့တဲ့ အံမခန်း စံချိန်ဆိုလည်း မမှားပါဘူး။ပရီးမီးယားလိဂ် သွင်းဂိုး (၁၈)ဂိုး ရှိခဲ့ကူ လိဂ်တွင်းကွင်းလယ်လူတွေထဲအများဆုံးဖြစ်သလို ဖန်တီးမှု့ (၁၂) ကြိမ်ကလည်း လိဂ်ရဲ့ကွင်းလယ်လူတွေထဲ အများဆုံး ဖြစ်စေခဲ့ပါသေးတယ်။ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ကစားသမားက ဘာကြောင့် ဒီယဇ် ဖြစ်ခဲ့လည်းဆိုရင်တော့ ဆုရွေးချယ်ခဲ့တဲ့အဖွဲ့ကလူတွေပဲ သိနိုင်မယ်ထင်ပါတယ်။

ဘရူနို က ဆိုးလ်ရှားရဲ့ ၄-၂-၃-၁ မှာ နံပတ် တစ်ဆယ် နေရာအဓိက တာဝန်ယူရပေမယ့် တော်မနေး-ဖရဒ် တို့ရဲ့ ဘောလုံးဖြန့်ဝေမှု့ အားနည်းတဲ့အချက်ကြောင့် အနောက်ထိဆင်းကစားလေ့ရှိပြီး သူဟာ ကွင်းတွင်းနေရာစုံ ရွေ့လျားကာ ကစားနိုင်သူလည်းဖြစ်ပါတယ်။ ဘရူနို က နောက်ကိုဆင်းကာဘောလုံးရယူပြီး တပြိုင်နက် တိုက်စစ်လမ်းကြောင်းကို ရှာဖွေနိုင်မယ့် ပေးပို့မှု့တွေ ချက်ချင်းပြုလုပ်နိုင်တာကြောင့် သူ့ရဲ့ တိုက်စစ်လမ်းကြောင်းဖွင့်စေတဲ့ ပေးပိုမှု့တွေက (၂၂၇)ကြိမ်နဲ့ ပထမနေရာရှိနေသလို အဓိက ကျတဲ့ပေးပို့မှု့ (၉၄)ကြိမ်ကလည်း သူ့ကို လိဂ်တွင်း ကွင်းလယ်လူတွေထဲ ပထမနေရာမှာ ရှိနေစေပါတယ်။ ဘရူနို က ဧရိယာအတွင်း ထိရောက်စွာပေးပို့မှု့ (၉၆)ကြိမ်နဲ့ တစ်နေရာမှာ ရှိသလို အသင်းရဲ့ကစားကွက်ကို ခံစစ်-တိုက်စစ် ပြောင်းလဲစေတဲ့ ပေးပို့မှု့ကလည်း (၁၂၅)ကြိမ် နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ဒီအချက်လက်တွေအရ ဘရူနို က အသင်းရဲ့ ဧရိယာထိပ်နားမှာ အမြဲတစေ ရှိနေတတ်သလို တပြိုင်နက်ထဲ ပြိုင်ဘက် ဧရိယာတွင်း ကိုလည်း ပေးပို့တာမျိုး ပြုလုပ်နိုင်ပြီး ကွင်းလယ် ရဲ့ နေရာစုံကို မိနစ်(၉၀) လုံး ရွေ့လျား သွားလာနေတယ်ဆိုတာ ဖော်ပြနေပါတယ်။

ဘရူနို ရဲ့ ကိန်းဂဏန်းအချက်လက်တွေအကြောင်း ပြောကြရင် ပယ်နယ်တီကလညိး မပါမဖြစ် ဖြစ်နေပြီး (၈)ကိုက်စည်းကနေ (၉)ဂိုးရယူထားတဲ့ သူ့ကို ပယ်နယ်တီသာ ကန်တတ်သူလို့ ယိုးစွပ်ကြလေ့ရှိပါတယ်။ တကယ်တော့ ဘရူနိုက ပယ်နယ်တီ မပါပဲလိဂ်အတွင်းမှာတင် (၉)ဂိုးရထားကာ ဒါက လိဂ်တွင်းကွင်းလယ်လူတွေထဲ အမြင့်ဆုံးစွမ်းရည်ဖြစ်ပြီး xG(15.40),xA(11.00) တို့ကလည်း ဘရူနို ကို ပထမနေရာမှာသာဖော်ပြနေပါသေးတယ်။ကွင်းလယ်ကစားသမားဖြစ်ပေမယ့် ဂိုးကန်ချက် အကြိမ်ရေ (၁၁၀) ရှိခဲ့ပြီး ကန်သွင်းနိုင်မယ့် အခွင့်အရေးဖန်တီးမှု့ (၁၆၈)ကြိမ်၊ဂိုးရနိုင်တဲ့ အခွင့်အရေးဖန်တီးမှု့ (၂၇) ကြိမ် တို့က သူ့ကို လိဂ်ရဲ့ ကွင်းလယ်လူတွေထဲမှာ အမြင့်ဆုံးထံပို့ဆောင်ပေးထားပါတယ်။ ဘရူနို က ဖိအားအောက်ကနေ ပေးပို့မှု့(၃၄၆)ကြိမ် နဲ့ တတိယနေရာရှိကာ ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကို လည်း အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ထားနိုင်ပါသေးတယ်။ကိုဗစ်ကြောင့်ရပ်နားခဲ့ရတဲ့ ပွဲတွေပြန်လည်စတင်ချိန်ကစလို့ ဘရူနို ဟာ ယူနိုက်တဒ် နဲ့ ပေါ်တူဂီ အတွက် ရက်ပေါင်း (၃၀၀) အတွင်း (၇၂) ပွဲအထိ ကစားခဲ့ရပါတယ်။ ဒီထဲမှာ (၆၁) ပွဲကို မိနစ်(၉၀) အပြည့် ကစားခဲ့ရတာဖြစ်ပြီး သူဟာ ပျမ်းမျှ (၃-၄)ရက် ကို တစ်ပွဲနှုန်း ကစားခဲ့ရတာဖြစ်ပေမယ့် ခြေစွမ်းကျဆင်းတာ၊ ဒဏ်ရာရရှိလို့ အနားယူရတာ၊ အဝါ/အနီတွေကြောင့် ပွဲပယ်ခံရတာတွေ မရှိခဲ့ပဲ အကောင်းဆုံးစွမ်းဆောင်ရည်ကို အမြင့်မားဆုံး ကြံခိုင်မှု့နဲ့အတူ ကမ္ဘာ့အဆင့်ကွင်းလယ်လူ ဆိုတဲ့ မှတ်ကျောက်ကို ရေးထိုးနိုင်ခဲ့တယ်လို့ဆိုရပါမယ်။

ဘရူနို က ပြီးခဲ့ရာသီ မှာ ယူနိုက်တဒ် ရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးဖန်တီးမှု့ (၂၇%) ကို တစ်ဦးတည်း ထမ်းတင်ခဲ့သူဖြစ်ပြီး ဂိုးနဲ့ဂိုးဖန်တီးမှု့ အကြိမ်(၃၀) ကို ပထမရာသီမှာပဲ လုပ်ဆောင်ပြခဲ့ပါတယ်။သူ့ရဲ့ မှတ်တမ်းတွေနဲ့ပက်သက်ရင် အရာအားလုံးကို ပယ်နယ်တီ ကန်သွင်းသူလို့သာ သတ်မှတ်ရင်းဖျောက်ဖျတ်ကျလေ့ရှိပေမယ့် အမှန်တကယ်တော့ ဘရူနို ဟာ ပယ်နယ်တီ ကန်သွင်းသူထက် မကတဲ့ ယူနိုက်တဒ် အသင်းရဲ့ ကယ်တင်ရှင် ဆိုလည်း မမှားပါဘူး။ သူမရောက်ခင် အချိန် က အဆင့် သုံးနဲ့ ရမှတ် (၁၄) မှတ်ကွာဟနေတဲ့ အသင်းကို ရာသီကုန်မှာ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရှိစေဖို့ သွင်းဂိုးနဲ့ဖန်တီး မှု့ (၁၄) ဂိုးရယူပေးပြီး ထမ်းတင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာတော့ ဘရူနို ဟာ ယူနိုက်တဒ် ကို လိဂ်အတွင်း အဆင့်နှစ် နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲထံထပ်မံ ပို့ဆောင်ပေးခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသိအတွင်း သွင်းဂိုးနဲ့ ဖန်တီးမှု့က (၄၆)ဂိုး ရှိခဲ့ပြီး ဒါဟာ မိနစ်(၉၀) မှာ (၀.၉၃)ကြိမ် ဖန်တီးသွင်းယူပေးထားနိုင်တာလည်းဖြစ်ပါတယ်။ တိုက်စစ်မှာ တစ်ပွဲပျမ်းမျှ အခွင့်အရေးဖန်တီးမှု့ (၂.၇၅)ကြိမ် ရှိနေချိန် ခံစစ်အတွက်လည်း သူဟာ တစ်ပွဲကို (၁၀.၀၃) အကြိမ်အထိ တိုက်ရိုက်ပါဝင် ဖိအားပေးဖျတ်ထုတ်ပေးခဲ့ပါသေးတယ်။ဘောလုံးဆယ်ယူမှု့ (၇.၁၆)ကြိမ် ရှိသလို သူဟာ အဝေးကို ပေးပို့မှု့ တစ်ပွဲပျမ်းမျှ (၇.၂၉) အကြိမ်ပြုလုပ်နိုင်ကာ ယူနိုက်တဒ် ရဲ့ တိုက်စစ်လမ်း ကြောင်းတွေ ကို မြန်မြန် နဲ့ တိကျစွာ ဖန်တီး ဖော်ဆောင်နိုင်ခဲ့ပါသေးတယ်။

ဘရူနို ရဲ့ ပယ်နယ်တီ အကြောင်း က ပြိုင်ဘက်တွေအတွက် အရသာခံပြောဆိုစရာဆိုပေမယ့် ပယ်နယ်တီဟာလည်းပဲ သွင်းဂိုးတစ်ဂိုးဖြစ်သလို ဖလားတစ်လုံးရရေးမှာ အဓိကကျတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာ ယူရိုပါလိဂ် နဲ့ ယူရို ၂၀၂၀ ကြည့်ရင်သိသာပါတယ်။ ဘရူနို က ကန်သွင်းရာမှာ နည်းစနစ်မျိုးစုံကို ကျွမ်းကျင်လှပေမယ့် သူ့ရဲ့ တစ်ချက်ခုန်ပြီး ဂိုးသမားအရွေ့ကို ကြည့်ပြီးမှ ကန်သွင်းတဲ့ ဟန်ကတော့ ကိုယ်ပိုင်ဟန် လို ဖြစ်နေလို့ ဒီကန်သွင်းချက်ကိုပဲ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ဘရူနို က ဆန်းပြားတဲ့ ကန်သွင်းနည်းမျိုး အသုံးပြုပေမယ့် ကမ္ဘာမှာ ပယ်နယ်တီ ကနေဂိုးရယူနိုင်စွမ်း (၇၇%) သာ ရှိနေချိန် သူကတော့ (၉၃%) အထိ ပယ်နယ်တီကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ယူရို (၂၀၂၀) ပြိုင်ပွဲအတွင်း ပယ်နယ်တီ ကန်သွင်းချက်တွေရဲ့ (၅၂%) သာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ကြပြီး အဂ်လန် အသင်းအပါဝင် အသင်းကြီးတွေဟာပယ်နယ်တီ ကန်သွင်းမှု့မှာ ကျရှုံးခဲ့လို့ ဖလားနဲ့ နောက်တစ်ဆင့် တက်ရောက်ခွင့်တွေ ဆုံးရှုံးခဲ့ရတာ ကြောင့် ဘရူနို ရဲ့ ပယ်နယ်တီ က လှောင်ပြောင်ရမယိ့ဘအခြေအနေ မဟုတ်သလို နောက်ဆုံးမိနစ် မှာ ရတဲ့ ဘရိုက်တန် နဲ့ပွဲကလို အခြေအနေမှာ ဘရူနို ရှိနေခြင်း က နှာတဖျား မက အသာရစေတာကြောင့် သူဟာထူးခြားတဲ့ကစားသမားလို့ဆိုရပါမယ်။

ဘရူနို က ပယ်နယ်တီ ရဲ့ ပြင်ပမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၄)ဂိုး ကို ယူနိုက်တဒ် အတွက်ရယူပေးခဲ့ပြီး ဧရိယာပြင်ပကနေ (၄)ဂိုးရယူကာ အဝေးကန်ချက် ကနေဂိုးအများဆုံးရယူနိုင်သူလည်းဖြစ်လာပါတယ်။ဧရိယာအတွင်းမှာလည်း သွင်းဂိုး (၁၀) ဂိုး ရရှိခဲ့ပြီး သူ့ရဲ့ လှုပ်ရှားမှု့၊နေရာယူနိုင်စွမ်းနဲ့ ဘောလုံးလမ်းကြောင်းတွက်ဆ နိုင်တာတွေက ကွင်းလယ်လူတစ်ယောက် မှာ ရှိတဲ့ အရည်အချင်းထက် ပိုမိုသာလွန်နေတယ်ဆိုတာ ကို ဖော်ပြနေပါသေးတယ်။ အဲဗာတန်၊ဝက်စ်ဘရွမ်း၊လက်စတာ၊ဗီလာရီးရဲလ်၊ရိုးမား တို့ကို သွင်းယူခဲ့တဲ့ သွင်းဂိုးတွေ က သူဟာ တိုက်စစ်မှုးစစ်စစ် တစ်ယောက်ရဲ့အမြင်နဲ့အဆုံးသတ်ကို ကွင်းလယ်လူတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အိမ်မက်ပြဇာတ်ရုံ ရဲ့ ထူးခြားတဲ့ နတ်ဆိုးတစ်ပါး ဖွားမြင်ခန်းမှာ ကပြအသုံးတော်ခံသူလို့ သတ်မှတ်နိုင်ပါတယ်။

ဘရူနို ဟာ အသင်းကို ရောက်ရောက်ခြင်းမှာပဲ အဝတ်လဲခန်း စည်းရုံးနိုင်ခဲ့သလို တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အောင်နိုင်လိုစိတ်တွေ မွေးမြူပေးနိုင်ခဲ့ပါတယ်။ သူရောက်ရှိလာခဲ့ပြီးနောက် ပေါဂ့်ဘာ ဟာ အတူယှဉ်တွဲကစားဖို့ လေ့လာမှု့တွေ ပြုလုပ်ခဲ့သလို တော်မနေး၊ရှော၊မာစီရယ်၊ရရှ်ဖိုဒ့်၊ဖရဒ် တို့ကိုလည်း သူနဲ့ အံဝင်တကျ ရှိစေဖို့ အချိန်ပို လေ့ကျင့်ရေး တွေ ပြုလုပ်စေခဲ့သလို တစ်ဦးချင်း လေ့ကျင့်ခန်းများနဲ့လည်း ခြေစွမ်းတိုးတက်ရေး အကြံပေးခဲ့ပါသေးတယ်။ အသင်းနဲ့သူ့ကြား ဒွိဟဖြစ်စရာ ကိစ္စရပ်တွေ ရှိလာရင်လည်း ကိုယ်တိုင်ရှေ့ထွက်ရှင်းဖို့ ဝန်မလေးသလို ဘရူနို ဟာ စစ်သည်တော်တစ်ပါး ရှိသင့်တဲ့ အရည်အချင်းတွေ ပြည့်နှက်နေတဲ့ စပါတန်တို့ရဲ့ စစ်သူရဲ တစ်ပါးလို ယူနိုက်တဒ် အတွက် ထွက်ပေါ်လာခဲ့တာပါ။ဆာအဲလက်စ် ရဲ့၁၉၉၂ မျိုးဆက် အတွက် လိုအပ်ခဲ့တဲ့ ပေါက်ကွဲအား ကို ကန်တိုနာ နဲ့ စတင်ပေးခဲ့တယ်ဆို ဆိုးလ်ရှားရဲ့အသင်းအတွက် မီးပွါးစလေးတွေဟာ ဘရူနို ကနေ စတင်ခဲ့တယ်ဆို မမှားပါဘူး။

သူဟာ ကွင်းတွင်းမှာ ခက်ထန်တဲ့ စစ်သူရဲ၊အသင်းအပေါ် အပြည့်အဝဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း၊ အဝတ်လဲခန်းကို ပျော်ရွှင်စေတဲ့သူ ပြီးတော့ မန်ချက်စတာယူနိုက်တဒ် ရဲ့ လက်ပတ်မလိုအပ်တဲ့ ဦးဆောင်သူ ဒါတွေရဲ့ အခြားတစ်ဖက်မှာတော့ သူဟာ ဖခင်ကောင်းတစ်ယောက်၊မိသားစုကိုသာအချိန်ပေးပြီး သမီးတွေနဲ့ ပျော်နေတဲ့သူ၊ ကွင်းထဲမှာ နိုင်လိုစိတ်ပြင်းသလောက် ပြင်ပဘဝမှာ အေးဆေးတည်ငြိမ်လွန်းသူ ၊ ဘရူနို ဟာ ဘဝကို အတည်ငြိမ်ဆုံးနဲ့ ဟန်ချက်အညီဆုံး ဖြတ်သန်းနေသလို တစ်ရာသီထက် တစ်ရာသီ လည်း သူ့ရဲ့ အောင့်မြင်မှု့ဆာလောင်စိတ်တွေက ကျဆုံးသွားခြင်း မရှိပဲ ပိုရ်ျသာ တိုးလာနေပါတယ်။ သုံးရာသီဆက် ဂိုးနဲ့ ဖန်တီးမှု့ (၄၀+) ရရှိတဲ့ ကစားသမား၊ ကွင်းလယ်ကနေ ဂိုး(၃၃)ဂိုးကိုတစ်ရာသီထဲ ရယူပေးခဲ့သူ အစရှိတဲ့ စံချိန်တွေနောက် ယခုလာမယ့် ရာသီသစ်မှာလည်း သူ့ရဲ့ ပုဂ္ဂိုလိကစံချိန်တွေအပြင် အသင်းအတွက် အဓိက ဆုဖလား တွေကိုင်မြှောက် နိုင်ဖို့အထိ ကြံရွယ်နေမယ့် သူ့အတွက် ဘယ်လိုအောင်မြင်ခြင်းတွေက စီးကြိုနေမလည်းဆိုတာတော့……….

Leave a Reply

Your email address will not be published. Required fields are marked *