၂၀၁၉ က နယူးကာဆယ် နဲ့ ရင်ဆိုင်ခဲ့တဲ့ အသင်းကို နတ်ရေကန်ထဲ ပစ်ချလိုက်တဲ့ ဆိုးလ်ရှား

မန်ယူနိုက်တဒ် ရဲ့ နယူးကာဆယ်ကို (၄-၁) နဲ့ အနိုင်ရခဲ့တဲ့ ပွဲက ရလာဒ်ပိုင်းထက် ပိုမိုရင်ခုန်ဖို့ကောင်းခဲ့တာက အသင်းရဲ့ လူအင်အား တောင့်တင်းမှု့ ဖြစ်ပါတယ်။ ဆိုးလ်ရှား ရဲ့ ပွဲထွက်အခင်းကျင်းဟာ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံးအသင်းအဖြစ် ဗိုလ်ဝင်ခံနိုင်တဲ့ အရည်အချင်းမျိုး ရှိသလို အရံခုံမှာတော့ အချိန်မရွေး ဝင်လာပြီးမတူညီတဲ့ တိုက်စစ်ကစားဟန်တွေနဲ့ အသင်းကို ဂိုးတွေရယူပေးနိုင်တဲ့ ကစားသမားတွေ အပြည့်အဝ ပိုင်ဆိုင်နေပါတယ်။ ဆိုးလ်ရှား အနေနဲ့ ဒီအသင်း၊လူစာရင်း ဖြစ်လာဖို့တော့ လွယ်လွယ်ကူကူ ရခဲ့တာမဟုတ်ပဲ နာကျင်မှု့တွေ၊စွန့်လွှတ်မှု့၊ဝေဖန်ခံရမှု့တွေ ပြီးတော့ ရှုံးပွဲတွေကြားမှာ အကောင်းဆုံး ထိန်းညှိရင်း တည်ဆောက်လာခဲ့ရတာ ဖြစ်ပါတယ်။ ဆိုးလ်ရှား စတင်တာဝန်ယူချိန်ကစလို့ ကစားသမား (၄၀) ကျော်ကို ရှင်းထုတ်ခဲ့သည့်တိုင် မည်သည့် ကစားသမားနဲ့မှ ပြသနာမတက်အောင် ညှိနှိုင်းခဲ့သလို ရလာဒ် မကောင်းလို့လည်း ကစားသမားတွေအပေါ် ပြစ်တင်ဝေဖန်တာတွေ မလုပ်တတ်တဲ့ နည်းပြ တစ်ဦးလည်းဖြစ်ပါတယ်။ အသင်းဖက် က သူလိုအပ်တာတွေ မဖြည့်ဆည်းနိုင်ချိန်မှာလည်း ရှိတဲ့လူနဲ့ဖြစ်အောင် လုပ်ပြခဲ့သလို ပရိတ်သတ်တွေနဲ့လည်း အကောင်းဆုံး ညှိနှိုင်းကာ ယုံကြည်မှု့ တည်ဆောက်နိုင်ခဲ့ပါသေးတယ်။

မန်ယူနိုက်တဒ် ရဲ့ ၂၀၁၉ က နယူးကာဆယ် ကို ရင်ဆိုင်ခဲ့တဲ့ လူစာရင်းအတွင်း ဂိုးသမားနေရာမှာ ဒဟေးယား ရှိနေတဲ့ အချက်က တော့ လက်ရှိအချိန်မှာလည်း တူညီနေပေမယ့် ဒီရာသီ ယုံကြည်မှု့နဲ့လက်စွမ်း အမြင့်မားဆုံး ရရှိနေတဲ့ စပိန်သား က ဆိုးလ်ရှား ရဲ့ ဂရုစိုက်မှု့တွေကနေ ရရှိလာတဲ့စွမ်းအားတွေလည်း ဖြစ်ပါတယ်။ ခံစစ်မှာတော့ တစ်ချိန် က ဒါးလော့၊တွမ်ဇမ်ဘီ၊မက်ဂွိုင်းယား၊ယန်း(C) တို့ ရှိခဲ့ပြီး ယမန်နေ့ညကတော့ ဘစ်ဆာကာ၊ဗာရန်း၊မက်ဂွိုင်းယား(C) နဲ့ ရှော တို့ပါဝင်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီက ဘယ်အသင်းမှ ဂရုစိုက်ရလောက်အောင် ထိုးဖောက်စရာ မလိုခဲ့တဲ့ နောက်တန်း အဖြစ်ကနေ ကမ္ဘာ့အကောင်းဆုံး နောက်တန်းတစ်ခုကို ပိုင်ဆိုင်လာခဲ့ကာ မက်ဂွိုင်းယား-ဗာရန်း တွဲဖက်မှု့ကို သူ့ရဲ့ ဖလားတွေ ဆွတ်ခူးရမှာ အခြေခံအုပ်မြစ်ဖြစ်လာစေဖို့ ဆိုးလ်ရှား က တည်ဆောက်နေတာ ဖြစ်ပါတယ်။ လုခ်ရှော ကတော့ ဆိုးလ်ရှား လက်ထက်မှာ အကောင်းဆုံး ကစားသမား ဖြစ်လာသလို လက်ရှိမှာတော့ နာမည်အရင်းထက် ရှောဘတ်တိုကားလိုစ့် ဆိုတဲ့ အမည်ကပိုပြီး တွင်ကျယ်နေပါပြီ။ဆိုးလ်ရှားရဲ့စတင်ကိုင်တွယ်ခါစအချိန်မှာလူစာရင်း အရ တောင့်တင်းခြင်း လုံးဝမရှိတဲ့အခြေအနေကို တော်မနေး၊ဖရဒ်၊ပါရဲရား တို့ရဲ့ ကွင်းလယ်ကဖော်ပြနေပါတယ်။

မက်-ဖရဒ် အတွဲ က နောက်ပိုင်းမှာ အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်အတွဲဖက် ဖြစ်လာပေမယ့် လက်ရှိအထိလည်း သူတို့နှစ်ဦးက ယူနိုက်တဒ် ရဲ့ အကောင်းဆုံးတွေမဟုတ်သလို ကွင်းလယ်နေရာက ဆိုးလ်ရှား ပြင်ဆင်လိုနေတဲ့ နောက်ဆုံး အားနည်းချက်လည်းဖြစိနေပါသေးတယ်။ သို့သော် ယမန်နေ့ညကတော့ မာတခ်ျ ပေါဂ့်ဘာ အတွဲဖက်ကိုအသုံးပြုခဲ့သလို သူ့လက်ထက်မှာ ခြေစွာနေတဲ့ ပေါဂ့်ဘာ ရဲ့ လေးပွဲခုနှစ်ဂိုးဖန်တီးမှု့ နဲ့ သွင်းဂိုးတွေမရပ်တံ့နိုင်တဲ့ ဘရူနို ကို ပေါင်းထည့်ထားတဲ့ ကွင်းလယ်မှာ မက်-ဖရဒ်၊ဗန်ဒီဘိခ့် တို့အရံရှိနေလို့ ယူနိုက်တဒ်ဟာ လေးလုံးထိုး အင်ဂျင်အသေးစားဘဝကနေ ရှစ်လုံးထိုး အင်ဂျင်အကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ကစားသမား တစ်ဦးချင်းစီရဲ့ ၂၀၁၉-၂၀၂၁ ခြေစွမ်းပြောင်းလဲမှု့ကလည်း ဆိုးလ်ရှားလက်ထက်မှာ အမြင့်ဆုံးထိ ရောက်လာတာကို မေ့ထားလို့မရပြန်ပါဘူး။

ယူနိုက်တဒ် ရဲ့ တိုက်စစ်ပိုင်းကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲခဲ့ပြီး ရေမြွေ အဆင့် ကနေ တောင်အမေရိကရဲ့ ကြောက်စရာကောင်းတဲ့ အန်နာကွန်ဒါ မြွေကြီးအဆင့်ထိပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၁၉ မှာ လူငယ်ဘဝသာ ရှိသေးတဲ့ မားကပ်စ် ကို ဂျိမ်းစ်နဲ့မာတာ သာ ရံထားပြီး အရံခုံတန်းမှာလည်း လင်ဂါဒ့် နဲ့ မာစီရယ် သာ လောက်လောက်လားလား ရှိတဲ့ ဘဝကနေ ယနေ့မှာတော့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုး ဖြစ်တဲ့ ရော်နယ်ဒို၊ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှုးစာရင်းဝင် ကာဗာနီ ၊ ဥရောပမှာ အထွန်းတောက်ဆုံးကြယ်ပွင့် ကစားသမားတွေ ဖြစ်လာတဲ့ ဆန်ချို နဲ့အတူ ဆိုးလ်ရှား လက်ထဲမှာ တစ်ရာသီဂိုးသွင်းအများဆုံး ကာလတွေ ပိုင်ဆိုင်လာတဲ့ ရရှ်ဖိုဒ့်၊မာစီရယ် အပြင် မေဆင်ဂရင်းဝုဒ် ရဲ့ တိုးတက်လာခြင်းတွေနောက် မန်ယူနိုက်တဒ် တိုက်စစ် က ဆိုးလ်ရှား လက်ထဲမှာ ၁၉၉၉ အသင်းရဲ့ တိုက်စစ်ထက်ပိုမိုထက်မြက်လာမယ့် အရိပ်ယောင်တွေ မြင်တွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်။

ရောမမြို့ကြီးကို တစ်ရက်ထဲနဲ့ ဆောက်ခဲ့တာ မဟုတ်သလို ဆိုးလ်ရှားကလည်း အိမ်မက်ပြဇာတ်ရုံ ကို တစ်ရက်ထဲနဲ့ ပြင်ဆင်ခဲ့တာ မဟုတ်ပေမယ့် အသီးပွင့်တွေကို နှစ်နှစ်အကြာမှာ ဝေဝေဆာဆာ မြင်တွေ့လာရပြီလည်း ဖြစ်ပါတယ်။ ဒီအသင်းဟာ လက်ရှိ အချိန်အတွက် အောင်မြင်မှု့ရယူရန် အကောင်းဆုံး အသက်အရွယ်အပိုင်းအခြားကို ပိုင်ဆိုင်ထားသလို အနာဂတ်အတွက်လည်း မျိုးစေ့ချပေးနိုင်မယ့် အကောင်းဆုံး အရည်အချင်းတွေပြည့်နေတဲ့ လူငယ်တွေကိုပါ ပူးတွဲပိုင်ဆိုင်ထားပြီး ဆိုးလ်ရှားပြောတဲ့ သူအခုမှလျှပ်စစ်ကား စဝယ်လိုက်တာ ဆိုတဲ့ စကားက ရုပ်လုံးပေါ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *